ရေတာရှည် သြဂုတ် ၂၃
ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာဗဟုသုတများကို ဒေသတွင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်း(ရေတာရှည်)၌ ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်(ငလျင်)ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ၌ မီးသတ်သမားတစ်ဦး၏ စွမ်းဆောင်ရည်(Brave Heart)စွမ်းရည်ပြသခြင်း၊ ငလျင်လှုပ်၍ အဆောက်အဦ ပြိုကျပျက်စီးပြီး ပိမိနေသောလူနာအားကယ်ထုတ်ခြင်း၊ အဆောက်အဦအတွင်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှကယ်ထုတ်ခြင်း၊ အကြောက်လွန်နေသူအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှကယ်ထုတ်ခြင်း၊ သတိမေ့နေသူအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ခြင်းနှင့် လူမှုရေးပရဟိတအသင်းများမှ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအားသရုပ်ပြခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရေတာရှည်မြို့နယ်အတွင်းရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်