မင်းလှမြို့နယ်တွင် ဆင်မတောင်-ညောင်ဝိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆင်မတောင်-ညောင်ဝိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရေကျော်အားအဆင့်မြှင့်တင် ဆောင်ရွက်‌နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ရေကျော်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆင်မတောင်-ညောင်ဝိုင်းကျေးရွာချင်းဆက် လမ်းပေါ်ရှိရေ ကျော်ပေ (၂၀၀) အား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)