တောင်ငူ သြဂုတ် ၂၃
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းအရ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်း ကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုထွေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်တို့က သင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုညိုထွေးနှင့် အဖွဲ့ဝင်များက သင်ထောက်ကူပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ သင်တန်းသူများအား အားပေးစကားများ ပြောကြားသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်သည့် သင်တန်းသူ ၁၅ ဦးအား သင်တန်းနည်းပြ ၂ ဦးမှ စာတွေ့ လက်တွေ့ စနစ်တကျသင်ကြားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသူ ၅ ဦးအား စိစစ်ရွေးချယ်ကာ လုပ်ငန်းထူထောင်နိုင်ရန် ငွေကျပ် ၁၄ သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်များကို သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)