ပွင့်ဖြူ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကုန်းဇောင်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်းဇောင်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ကုန်းဇောင်းကျေးရွာ၌ ကျေးရွာတွင်း မြေသားလမ်းအရှည်ပေ ၄၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ခြောက်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၂)သန်းဖြင့် ယခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်လင်းက တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးစေရန်နှင့် ဒေသခံပြည်သူများ လူနေမှုဘဝ မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ဌာန၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅)သန်းဖြင့် ကွန်ကရစ်လမ်း(၆)ခု၊ တံတားလုပ်ငန်း(၄)ခု၊ ရေမြောင်းလုပ်ငန်း(၁)ခုနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၂)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )