ပေါင်းတည်မြို့နယ်၌ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့် ဆိုင်များသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က စျေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက ဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်ဆောင်ရွက်ခဲ့ရာ ကုန်းညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ၊ မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ၊ မရှိနှင့် ကုန်အညွန်းအမှတ်အသားမပြည့်စုံသော၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့် ဆေးပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ပြီး စျေးကွက်အတွင်းဆေးဝါးများ၊ ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ၊ မရှိနှင့် ရောင်းချလျက်ရှိသည့် စျေးနှုန်းများကို စစ်ဆေးကာ မြို့နယ်အတွင်း စျေးနှုန်းတည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် သတိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စျေးကွက်ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စျေးကွက်တည်ငြိမ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)