ပွင့်ဖြူ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် ဒေးဒရဲကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေကျပ် (၁၅) သန်း ၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၅ ဒသမ ၄) သန်း ၊ စုစုပေါင်း ငွေကျပ် ၂၀ ဒသမ ၄ သန်းဖြင့် ကျေးရွာတွင်း မြေသားလမ်းအရှည်ပေ ၆၈၀ အား လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့်ထု ခြောက်လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကာ ယင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၅ ရက်နေ့ကစပြီး ကျေးရွာသူ ၊ ကျေးရွာသားများကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် လုပ်ငန်းများ (၆၉)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး ယင်းကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးပါက ဒေးဒရဲကျေးရွာရှိ အိမ်ခြေ ၆၂ အိမ်၊ လူဦးရေ ၂၇၈ ဦးအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )