ချောက် သြဂုတ် ၂၃
စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုစာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရုံး (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာအုပ်ပြပွဲအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/ သူများက ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးလွင်က ကျောင်းသား/ သူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် ပြောကြားခဲ့ပြီး ဟောပြောပွဲအား ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိမ့်ဝါက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အသက်အရွယ်အပိုင်းအခြားနှင့် ခံစားပိုင်ခွင့်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ခင်ချိုချိုဝင်းက “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထိုနောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများအား ဟောပြောဆွေးနွေးသွားသည့်အကြောင်းအရာများနှင့် မိမိတို့ဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များမှ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေဆွေးနွေးစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)