မကွေး သြဂုတ် ၂၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် လက်ပံတောကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့တာဝန်ရှိသူများ မကွေးမြို့နယ် လက်ပံတောကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံ အလျား (၈၉၃) ပေ တည်ဆောက်ခြင်းလုပ်ငန်းသို့ ရောက်ရှိစဉ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ (၄) မကွေးတိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူးနှင့် သုခထိုက်စံတည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က ကမ်းပြိုကာကွယ်ရေး ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးမြို့နယ် လက်ပံတောကျေးရွာမှာ အင်ကြင်းကိုင်းချောင်းရေ တိုက်စားမှုကြောင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အရည်အသွေးများ ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားပြီး၊ တက်ရောက်လာသည့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများအား အားပေးစကားများပြောကြားကာ၊ ကျေးရွာမှ ဒေသဖွံ့ဖြိုးရေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မကွေးမြို့နယ် လက်ပံတောကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံ အလျား (၈၉၃) ပေ တည်ဆောက်ခြင်းလုပ်ငန်းကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၂၃၇.၆၅) သန်းဖြင့် သုခထိုက်စံတည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် တည်ဆောက်ခြင်းလုပ်ငန်း ၈၀% ပြီးစီးပြီဖြစ်ကာ၊ စက်တင်ဘာလ ပထမပတ်အတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကျောက်ကြီးဖြည့် Gabion Box မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအား ရာနှုန်းပြည့်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း တည်ဆောက်ပြီးစီးပါက ကျေးရွာအတွင်းရှိ လူနေအိမ်များ ရေဝင်ရောက်မှုနှင့် စိုက်ပျိုးမြေများရေနစ်မြှပ်မှုမှ ကာကွယ်နိုင်မှာဖြစ်ကြောင်း သိရသည်။
မောင်ညီညာ