ဖြူး သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာမောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရေးသားသည့် "မြအဖူးတွေသစ်သစ်ဝေနှင့်လူငယ်ဝတ္ထုတိုများ "စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် "မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ်ဝတ္ထုတိုများ" စာအုပ်မှ အပြုံး၏နောက်ကွယ်၊ မေတ္တာမိုးတွေရွာသွန်းဖြိုး၊ ဝမ်းနည်းဝမ်းသာ၊ ရဲဇာနည်၊ မြအဖူးတွေသစ်သစ်ဝေ၊ အမေ့မျက်နှာစသည့်ခေါင်းစဉ်များအား (Book Club)အဖွဲ့ဝင်များ၊ ရုံးစာကြည့်တိုက်တွင် အမာခံစာငှားပရိသတ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများမှ အသီးသီးဖတ်ကြားပြီး စာရေးဆရာ၏ အကျိုးရှိဖွယ်ဖတ်ချင့်စဖွယ် ရေးသားချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် စာအုပ်စာစောင်ပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ် စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)