ကျိုက်လတ် ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ(၂၁)ရက်၊ နေ့လယ်ပိုင်းက အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးအတွက် အားလပ်သည့်အချိန်များတွင် စာအုပ်စာပေများကို လေ့လာကြရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ပညာလိုအိုသည်မရှိ ဆိုသည့်အတိုင်း ပညာတတ်မြောက်မှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသော ပြင်ပဗဟုသုတများကိုလည်း ရှာဖွေသင့်ကြောင်း၊ စာအုပ်စာပေများသည် မည်မျှပင်ဟောင်းနွမ်း စေကာမူ ပညာဗဟုသုတများစွာ ရရှိနိုင်သည့်အတွက် လေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်းစသည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။ အဆိုပါ “အသိပညာပေးဟောပြောပွဲ” သို့ ကျောင်းအုပ်ဆရာကြီး ဦးတင့်နိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)