ထားဝယ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် သြဂုတ် ၂၂

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးဦးယဉ်ထွေးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကောက်ယူရသည့်သမိုင်းကြောင်း၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်၊ သန်းခေါင်စာရင်း၏ဥပဒေ၊ သန်းခေါင်စာရင်းဖွဲ့စည်းပုံ၊ သန်းခေါင်စာရင်းအသုံးဝင်ပုံ၊ အခြေခံအချက်အလက်များ၊ စာရင်းစစ်စာရင်းကောက်တာဝန်ပေးအပ်မှု၊ သင်တန်းပို့ချသည့်အစီအစဉ်စသည့်တို့ကို ဆွေးနွေးဟောပြောပြီး နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့်လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များရရှိရေးအတွက် ၂၁၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏လမ်းညွှန်ချက်နှင့်အညီ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအဖွဲ့သာမကမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးကအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်မှသာ သန်းခေါင်စာရင်းအောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးက သန်းခေါင်စာရင်းအသုံးအဆောင်ပစ္စည်းဖြစ်သည့် စပို့ရှပ်၊ တီရှပ်နှင့် ဦးထုပ်များအား ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးဦးခင်လှက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

ဟောပြောပွဲသို့ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ(၁၉၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား သန်းခေါင်စာရင်းအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်