ဘားအံ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ)၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသူများ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်အား အသိပညာပေးဟောပြောခြင်းနှင့်ဦးမြင့်အောင် (ဖြူစင်မြင့်ချို-မြန်မာစာ)က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်တန်းသူ မသီရိအောင်က မှားမှာကိုမကြောက်ပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းလှမျိုးသူက အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမြတ်စံပယ်ဖြူက လူငယ်နှင့်စူးစမ်းလေ့လာမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းကြည်ကြည်ဝင်းက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းသဇင်မြူက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော သင်တန်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူကျောင်းသား/ကျောင်းသူများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)