ငဖဲ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပညာရေးမှူးဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်ကြောင်း၊ ထိုဥပဒေဖြင့်သာ နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့်စနစ်ဖြင့်မောင်းနှင်မည်၊ အချုပ်အခြာအာဏာဖြစ်သည့် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာတို့ကို မည်သို့မည်ပုံ ခွဲဝေပိုင်းခြားမည်ဆိုသည်တို့ကို ပြဋ္ဌာန်းသတ်မှတ်ကြခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှု၊ မြန်မာနိုင်ငံနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးမင်းသီဟသန်းက ရွေးကောက်ပွဲဥပဒေဆိုင်ရာ အခြေခံအချက်အလက်များကို အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား/ သူ (၃၂၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)