သနပ်ပင် ဩဂုတ် ၂၂
သနပ်ပင်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်လွဲပိုင်း(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်သီရိအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မိခင်ကလေးကျန်းမာရေးသားဖွားဆရာမ ဒေါ်စံပယ်က ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့်အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့်အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့် ကူးစက်ဖြစ်ပွားတက်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်းသည့် အစားအစာများကို မသုံးစွဲခြင်း။ FDAအသိအမှတ်ပြုသောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့်ရေ စသည့်သန့်ရှင်းသည့်ရေကိုသာသောက်သုံးခြင်း၊ အစားအစာများကို မစားသုံးမီနှင့် အိမ်သာမှအထွက်တွင် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျသန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့်ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ပွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အောင်မြင့်မြတ် (ပြန်/ဆက်)