မြန်အောင် သြဂုတ် ၂၂
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မုခ်ဦးဆိုင်းဘုတ်အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ အင်္ဂပူမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (ပညာရှင်)ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဥ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ၊ ခရိုင်အဆင့် အဆို၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အနုပညာရှင်များနှင့် အမှတ်ပေးအကဲဖြတ်ဒိုင်လူကြီးများအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ့ရိုးရာတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြပြီး အမှတ်တရ ဓါတ်ပုံစုပေါင်းရိုက်ကူးခဲ့ကြသည်။
ထို့နောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုး ရာယဥ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်တို့မှ ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီးကဏ္ဍအလိုက် ယှဥ်ပြိုင်ကြရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)