လွိုင်ကော် ဩဂုတ် ၂၂
ပြည်သူလူထုတစ်ရပ်လုံး အာဟာရပြည့်ဝပြီး ကျန်းမာစွာနေထိုင်စားသောက်တတ်သည့် အသိပညာ၊ အမူအကျင့်ကောင်းများရရှိစေရန် ကလေးငယ်များနှင့်အမျိုးသမီးများ၏ ကျန်းမာရေးနှင့်အာဟာရအခြေအနေပိုမိုကောင်းမွန်မြင့်မားလာစေရန်၊ အာဟာရချို့တဲ့မှု ခံစားရသည့် လူနာများကို ပြီးပြည့်စုံသည့် အာဟာရစောင့်ရှောက်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်လှုပ်ရှားမှုများအဖြစ် “မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်” ၊ “ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်” ၊ “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်” နှင့် “အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်” ဟူ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ချမှတ်ထားသည့် ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်စသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစည်သူကကိုယ်ဝန်ဆောင်နှင့်ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ် Video Clip အား ပြသခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ဗဟုသုတဖြေဆိုပွဲမှ ဆုရကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အစာအာဟာရအုပ်စု(၃)စုနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက်ကလေးသူငယ်များအား Vitamin A နှင့် သန့်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားဆေးနှင့် Vitamin B1 ဆေးများထောက်ပံ့ပေးခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)