ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကိုးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၉၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သူအဖြစ် ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ဦးဆောင်ဆွေးနွေးပြီး Grade-10 မှ မောင်ကောင်းဇော်ဦးက လူငယ်နှင့် စာဖတ်ခြင်းအကျိုး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ မအိန္ဒြေမိုးက လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-12 မှ မောင်မြတ်သူရ လူငယ်နှင့်အချိန်၏ တန်ဖိုး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 မှ မဖြိုးသီရိကျော်က လူငယ်နှင့်ဆိုရှယ်မီဒီယာတန်ဖိုးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ စကားဝိုင်းသို့ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြကြောင်းနှင့် စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းအပြီးတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ပြသထားသော နံရံကပ်ပိုစတာများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)