တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး

ထားဝယ် ဩဂုတ် ၂၂

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှု့နိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အတီးအမှုတ်၊ အကအခုန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက် ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများက လှလိုက်တဲ့တနင်္သာရီအက၊ ပန်းပွားအက၊ အေရိုးဗစ်အကများ၏သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကြည့်ရှု့အားပေးပြီး ဆုငွေများမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ခွက်နင်းကစားနည်များနှင် စာအုပ်များရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သောကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား/သူများ၊ ဆရာ/မများ၊ သင်ကြားသင်ယူမှုတွင် အထောက်အကူဖြစ်စေရန်၊ ကျောင်းသား/သူများသည် စာကြည့်တိုက်မှတဆင့် အမျိုးသားယဉ်ကျေးမှုမြတ်နိုးစေရန်၊ အမျိုးဇာတိမာန်ထက်သန်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)မှကျောင်းသား/သူများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင် ပါဝင်ဆင်နွဲကြသည့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို ဩဂုတ် ၂၃ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ်