မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေး ဩဂုတ် ၂၂

၂၀၂၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် ကျား၊ မအခြေပြု အကြမ်းဖက်မှုများ လျှော့ချစေရေးအတွက် အသိပညာပေးခြင်း၊ ကျား၊ မအမြင် ထည့်သွင်းစဉ်းစားခြင်းဆိုင်ရာ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ ရပ်ရွာအတွင်း ကျား၊ မ အခြေပြုကိစ္စ အကြမ်းဖက်မှုများနှင့် ကာမလိမ်လည်မှုများဖြစ်ပွားပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အရ ဖြစ်ရပ်စီမံခန့်ခွဲသူများမှ လိုက်ပါဆောင်ရွက်ခြင်း၊ လိုအပ်သော စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ အကူအညီများရရှိစေရေးအတွက် ချိတ်ဆက်ပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ တရားရင်ဆိုင်ခရီးစရိတ်၊ ကျန်းမာရေးစရိတ်၊ မီဖွားစရိတ်၊ အာဟာရစရိတ်၊ ဘဝရပ်တည်သက်မွေးစရိတ်များကို ထောက်ပံ့ပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များအနေနဲ့ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့ကျကျ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကျား၊ မရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးကို ပြည့်ဝစွာ အကောင်အထည်ဖော်သွားနိုင်ရေးနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းတာဝန်များကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီများရဲ့ လုပ်ငန်းများတွင် ထည့်သွင်းဆောင်ရွက်နိုင်ရေးနဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းများကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ အတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွန်ကြားရေးမှူး ဒေါ်ခင်သူဇာကကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)