ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်များ အောင်မြင်ဖြစ်ထွန်း

ရှမ်းရွာသစ် ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မိုးရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင်ရာသီစာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စားဖိုဆောင်သီးနှံပင်များကို မိမိတို့၏အိမ်ခြံမြေများနှင့် တောင်ယာများတွင် မိုးစတင်ရွာသွန်းသည့်အချိန်တွင် တောင်ယာငရုပ်၊ တောင်ယာပဲသီး၊ တောင်ယာခရမ်းသီး၊ ကန်စွန်း၊ ချဉ်ပေါင်၊ သခွား၊ ရုန်းပတီပင်နှင့် ခဝဲပင်များကို သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ဒေသနေပြည်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ် စားသုံးကြသည့် ရာသီစာသီးနှံများဖြစ်ကြောင်း၊ အဆိုပါသီးနှံများ စိုက်ပျိုးသည့်အချိန်တွင် တောင်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း နည်းပညာပံ့ပိုးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံများကို မြို့ပေါ်များမှ ဝယ်ယူစားသုံးရန်မလိုဘဲ ဒေသတွင်း၌သာ အချိန်မရွေးဝယ်ယူစားသုံးနိုင်သည့်အတွက် ဒေသနေပြည်သူများ နှစ်စဉ်မိုးရာသီတွင် စိုက်ပျိုးကြကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး မိုးရာသီကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်း၊ ဉယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)