ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

ငဖဲ  ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခမ်းအနားမှူးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း သင်တန်းသား/သူ (၂၅)ဦး တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ယုယုသိန်းက  မြို့နယ်အတွင်းရှိလူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအသီးသီးတွင် မိမိတို့ဌာနနှင့်ပတ်သက်ပြီး အစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းဖွင့်ပွဲများ၊ နေ့ကြီးရက်ကြီးအထိမ်းအမှတ်ပွဲများနှင့် မြို့နယ်အဆင့်တွေ့ဆုံပွဲများ၊ နေ့ထူးနေ့မြတ်အခမ်းအနားပွဲများကို အခါအားလျော်စွာ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါအခမ်းအနားများ ကျင်းပဆောင်ရွက်ရာတွင် အခမ်းအနားမှူးတစ်ဦးအနေဖြင့် သိသင့်သိထိုက်သည့် အချက်အလက်များ၊ ပြောဆိုနေထိုင်မှု၊ အသံနေအသံထား၊ ဝတ်စားဆင်ယင်မှု၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို သိရှိစေရန်၊ အမှားအယွင်းနည်းစွာဖြင့် ဆောင်ရွက်တတ်စေရန်နှင့် မျိုးဆက်သစ်အခမ်းအနားမှူးများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍  သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/သူ (၂၅)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းနှင့် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်(တွဲဖက်တာဝန်)တို့က ခန်းမအတွင်းဆောင်ရွက်ရသည့် အခမ်းအနား၊ ခန်းမပြင်ပဆောင်ရွက်ရသည့်အခမ်းအနားများနှင့် အခမ်းအနားမှူးဆောင်ရွက်ခြင်းဆိုင်ရာ အကြောင်းအရာများကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)