မင်းဘူးမြို့၌ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

မင်းဘူး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ် ၂ နာရီက ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပသည့်အခါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက moderator အဖြစ်ဆောင်ရွက်ကာ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ G-9 ကျောင်းသူ မသံစဉ်ချိုက လူငယ်နှင့်စာပေ၊ G-12 ကျောင်းသူ မနှင်းဖြူစင်က လူငယ်နှင့်နည်းပညာ၊ G-11 ကျောင်းသား မောင်ကောင်းပြည့်စုံက လူငယ်နှင့်မူးယစ်ဆေးဝါး၊ G-9 ကျောင်းသား မောင်ပိုင်စိုးသက်က လူငယ်နှင့်အားကစား၊ G-10 ကျောင်းသူ မအိမ့်ချစ်မေက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းသည့်အခါ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသပေးသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)