ပေါင်းတည် သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီက သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်နှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှတာဝန်ရှိသူများက ညောင်ဖြူကျေးရွာအုပ်စု၊ ရွှေညောင်ဖြူစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမမှအသင်းသား တောင်သူဦးမောင်စန်း၏ စိုက်ခင်းများမှ ရက် ၇၀ သက်တမ်းရှိနေပြီဖြစ်သော ရတနာတိုးမိုးစပါးများဖြစ်ထွန်းအောင်မြင်နေမှုကို ကြည့်ရှုအားပေးကြသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေါင်းတည်မြို့နယ်သမဝါယမဦးစီးဌာနသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရန် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုများကို အခြေခံသမဝါယမ အသင်း ၁၆ သင်း၊ အသင်းသားတောင်သူ ၅၀ ဦး စိုက်ပျိုးထားသော ဧက၁၀၀၀ အတွက် ငွေကျပ် သိန်းနှစ်ထောင်ကို ပံ့ပိုးကူညီကာ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်သမဝါမဦးစီးဌာနက တောင်သူများအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရွှေသား(ပြန်/ဆက်)