လိပ်သို ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ မြို့နယ်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ခြင်းဖြင့်ဗဟုသုတများလာပြီး အသိတရားမျိုးစုံတိုးပွားရရှိလာမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် စိတ်အစာ၊ စိတ်အဟာရဖြစ်ကြောင်း၊ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဘိုလိမ်းပစ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ (၃၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများအား ပုံဆွဲဗလာစာအုပ်များကို အမှတ်တရ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများအား ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)