တောင်ငူမြို့၌ ကျား၊ မ ရေးရာအမြင်အား ကဏ္ဍစုံတွင် ထည့်သွင်းစဥ်းစားခြင်း (Gender Mainstreaming) နှင့် NSPAW Phase II အကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

တောင်ငူ သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အမျိုးသမီးကော်မတီမှကြီးမှူး၍ ကျား၊ မ ရေးရာအမြင်အား ကဏ္ဍစုံတွင် ထည့်သွင်းစဥ်းစားခြင်း (Gender Mainstreaming) နှင့် NSPAW Phase II အကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကေတုမတီဘိုးဘွားရိပ်သာမင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်(ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ)က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေး(ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအတွင်းရေးမှူး)က အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံရှိ ကျား၊ မ တန်းတူညီမျှမှုအခြေအနေ၊ Gender Mainstreaming ဆောင်ရွက်ရသည့်အကြောင်းအရင်း၊ Gender Mainstreaming အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးဟောပြောသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေ(ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး)က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း- NSPAW Phase II (၂၀၂၃-၂၀၃၂) (မူကြမ်း) ရေးဆွဲရာတွင် ထည့်သွင်းစဥ်းစားသည့်အချက်များ၊ အမျိုးသမီးနှင့်အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာစီမံချက်လုပ်ငန်းစဥ်များကို ဆွေးနွေးရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)