နတ်တလင်းမြို့နယ်၌ "အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအစည်းအဝေး" ကျင်းပပြုလုပ်

နတ်တလင်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ "အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီအစည်းအဝေး"ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးက အဖွင့်အမှာစကားပြောကြားပြီး ဇီးကုန်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်စိုး ကလေးသူငယ်ဆိုင်ရာအခွင့်အလမ်းများ၊ ကလေးအလုပ်သမားဆိုင်ရာလုပ်ငန်းများ၊ ကလေးသူငယ်ဆိုင်ရာ ဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်ဆိုင်ရာအလုပ်သမားပေါ်ပေါက်လာမှုအကြောင်းရင်းများ၊ ကလေးသူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများအား ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မြင့်ထွေးက ကလေးသူငယ်အလုပ်ခိုင်းစေမှုသည် ကျေးလက်ဒေသတွင်နည်းပါး၍ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှသာ အလုပ်ခိုင်းစေမှုများပြားကြောင်း၊ နိုင်ငံခြားသားများဝင်ထွက်သွားလာသည့် နေရာများတွင် ရှောင်ရှားသင့်ကြောင်း နိုင်ငံခြားသားများတွေ့ရှိပါက နိုင်ငံတော်ပုံရိပ် ကျဆင်းမှာဖြစ်ကြောင်း၊ ကလေးသူငယ် အလုပ်ခိုင်းစေမှုပပျောက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်ကျော်က ကလေးသူငယ်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ အရေးယူမှုပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုပပျောက်ရေး ကာကွယ်စောင့်ရှောက်ရေးများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)