ဟင်္သာတခရိုင်အဆင့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ သြဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ်လ ယမန်နေ့ ညနေ (၃) နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲအား ဩဂုတ်လ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ ရည်ရွယ်ချက်၊ ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ခရိုင်အဆင့်တွင် ဆုရရှိသော ပြိုင်ပွဲဝင်များအနေဖြင့်လည်း တိုင်း/ဗဟိုအဆင့်တို့တွင် အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များအနေဖြင့်လည်း ကျရာတာဝန်များကို စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း အမှာစကား ပြောကြားခဲ့ပြီးနောက်ပြိုင်ပွဲတွင် ဆုရရှိသူများမှ ပြန်လည်ဧည်ခံဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲအသီးသီးတွင် ကဏ္ဍအလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပနိုင်ရေးတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြသော အကဲဖြတ်ဒိုင်များနှင့် အခမ်းအနားမှူးတို့အား ဂုဏ်ပြုဆုငွေများနှင့် အမှတ်တရလက်ဆောင်များအား အသီးသီး ပေးအပ်ချီးမြှင့်၍ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်ကလေးနှင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ ဆုရရှိကြသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)