ဖြူး သြဂုတ် ၂၁
ကလေးငယ်များပန်းချီပညာကို စိတ်ဝင်စားလာစေရန်၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆန်းသစ်တီထွင်တတ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းပေါင်းစုံ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အိမာဟိန်းက ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကိုယှဉ်ပြိုင်ကြရာ အလယ်တန်းကျောင်းသား၊ ကျောင်းသူ(၂၂)ဦးတို့က မိမိတို့စိတ်ကြိုက်စိတ်ကူးဖြင့်ဆွဲလိုသည့် ရှုခင်းပုံ၊ တိရစ္ဆာန်ပုံ၊ အထိမ်းအမှတ်နေ့ပုံများကို ရေးဆွဲခဲ့ကြရာ ပန်းချီပညာဝါသနာအိုးများ(Group)ဥက္ကဋ္ဌ ဦးကျော်ငြိမ်း(စိတ်မီးအိမ်)နှင့်အဖွဲ့မှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းအလိုက် စိစစ်ရွေးချယ်ပေးကြသည်။
ထို့နောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု(၂)ဆု ရရှိသူများအား ဦးစီးအရာရှိ ဒေါ်အိမာဟိန်း၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများက အသီးသီးဆုချီးမြှင့်ခဲ့ကြ ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် စာအုပ်စာစောင်ပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)