ကျုံပျော် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေပြန်လည်ကျဆင်းလာသောကြောင့် စာသင်ကျောင်းများ စိစစ်ဖွင့်လှစ်ပေးလျက်ရှိပြီး၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ နောက်ဆုံးပြန်လည်ဖွင့်လှစ်ခဲ့သောကျောင်းမှာ သံလျှက်စွန်းမူလတန်းလွန်ကျောင်းဖြစ်ပြီး ရေဝင်ရောက်မှုကြောင့် ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ် ၂၀ ရက်နေ့အထိ၊ ကျောင်းပိတ်ရက်ပေါင်း ၂၃ ရက် ပိတ်ခဲ့ရကာ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ဇူလိုင်လ စတုတ္ထပတ်မှစတင်ကာ ကျောင်းဝန်းအတွင်းနှင့် ကျောင်းအသွားအပြန်လမ်းများ ရေဝင်ရောက်မှုကြောင့် အ.ထ.က ၃ ၊ အ.ထ.က (ခွဲ) ၁ ကျောင်း၊ အ.လ.က ၄ ကျောင်း၊ မူလတန်းလွန် ၂ ကျောင်းနှင့် မူလတန်း ၁၂ ကျောင်း ၊ စုစုပေါင်း ၂၂ ကျောင်း ယာယီပိတ်ခဲ့ရပြီး၊ ယနေ့တွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ၊ သင်ခန်းစာများ နောက်ကျမှု မရှိစေရေးအတွက် တနင်္ဂနွေနေ့များ၌ ကျောင်းဖွင့်လှစ်ကာ ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)