ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်

ဟားခါး သြဂုတ် ၂၁

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိပါကြောင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားစေရန်၊ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝစေရန်နှင့် ကူးစက်ရောဂါပိုးများ ဝင်ရောက်မှုမှကာကွယ်စေရန်အတွက် မျှတလုံလောက်သော အစားအစာများ အပြည့်အဝစားသုံးနိုင်ရန် များစွာလိုအပ်လျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးစကလေးများနှင့် အသက်ငါးနှစ်အောက် ကလေးများသည် အာဟာရချို့တဲ့မှုကို ထိခိုက်ခံစားလွယ်သော အုပ်စုများဖြစ်ကြောင်း၊ ထို့ကြောင့် အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်စသည်ဖြင့် ရက်သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရေးအတွက် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အခမ်းအနားအထိမ်းအမှတ် Video Clip ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များနှင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအသင်းတို့မှ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ချင်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများကကိုယ်ဝန် ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် (၅) နှစ်အောက် ကလေးများအားအာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)