ထားဝယ် ဩဂုတ် ၂၁
“မိခင်နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံအနေဖြင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများကို(၁၉၅၄)ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သောကြောင့် ယခုနှစ်တွင်နှစ်ပေါင်း(၇၀)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်အနေဖြင့်သာမက တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ်များမှာပါ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်စဉ်ဩဂုတ်လ၏ပထမပတ်သည် ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်လည်းဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုရက်သတ္တပတ်များအဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “မိခင်နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့” နှင့်အညီ မိခင်များ မိခင်နို့တစ်မျိုးတည်းကို (၆)လအထိ တိုက်ကျွေးနိုင်ပြီး ကလေးအသက်(၆)လပြည့်သည့်အခါတွင် သင့်လျော်သောဖြည့်စွက်စာကျွေးရန် အနည်းဆုံးကလေးအသက်(၂)နှစ်အထိ မိခင်နို့ကိုဆက်လက်တိုက်ကျွေးနိုင်ရန် ဝိုင်းဝန်းကူညီရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသောဦးတည်ချက်(၉)ရပ်ထဲမှ လူမှုရေးဦးတည်ချက်တွင် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတို့ ပါဝင်သောကြောင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန်လူကောင်းများပေါ်ထွက်လာစေရန် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမိုးဇော်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဗီဒီယိုအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးသည်။
ထို့နောက်တို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ခန်းမအတွင်းပြသထားသည့် အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးပြီး အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေဆေးလုံး တိုက်ကျွေးကာ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအား လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)