ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်းမြေသားလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေကျပ် (၁၅) သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၁)သန်း၊ စုစုပေါင်း ငွေကျပ် (၁၆)သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၄၂၀၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၉ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဩဂုတ်လ ဒုတိယပတ်ကစတင်ပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ (၆၉)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီပါက ကျေးရွာရှိ အိမ်ခြေ ၁၃၆ အိမ်၊ လူဦးရေ ၅၅၀ ဦးအတွက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်မြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ လွယ်ကူစွာ သယ်ယူပို့ဆောင် ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)