ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာပေသိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒေါ်ဌေးဌေးဝင်းက အစားအစာဘေးကင်းလုံခြုံစေရေးအတွက် သိရှိလိုက်နာရမည့် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး စာပေလေ့လာဖတ်ရှုနိုင်ရေး စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)