သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

သံတောင်ကြီး ဩဂုတ် ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့လည်(၁)နာရီအချိန်က သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါအကြောင်းသိကောင်းစရာများ၊ HIV/AIDS အကြောင်းသိကောင်းစရာများနှင့် ရောဂါမကူးစက်နိုင်စေရန်ရှောင်ကြဉ်ရမည့်နည်းလမ်းများ၊ ကျန်းမာရေးနှင့်ညီညွှတ်သောနေထိုင်စားသောက်မှုများ စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး သူနာပြုဆရာမ ဒေါ်နော်နီကမွီးထူးစေးဖေါက ကျောင်းသူ/ကျောင်းသားများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရ(၃)အုပ်စုအကြောင်းအရာများ၊ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းစိကောင်းစရာများ  စသည်တို့ကိုရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသူ/ ကျောင်းသားအရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်လုံး၊ နား၊ လည်ပင်းစသည့်ကျန်းမာရေးဆိုင်ရာများကို မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။