ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးကို ယနေ့ နံနက် ၉ နာရီအချိန်က ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကိုးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူထွန်းလင်းက အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေဖတ်ရှုရခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ကာယ၊ ဥာဏနှင့်ပြည့်စုံစေရန် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ ဖတ်ရှုလေ့လာသင့်ကြောင်း အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဥာဏ်ရည်ဖွံ့ဖြိုးရေးအတွက် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြပြီး ဝင်ရောက်ယှဥ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)