ကန့်ဘလူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၂၁ ရက်နံနက် ၉ နာရီက အမှတ်( ၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို အ.လ.က (၅) ကျောင်းသား ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့ " သီချင်းသီဆို၍ ဖွင့်လှစ်ပြီး” သုတဝေဖြာ မျှဝေရာ ပညာဘဏ်တိုက် စာကြည့်တိုက်” Video Clip အားပြသရာ တက်ရောက်လာကြသူများက အတူတကွကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကား ပြောကြားသည်။ယင်းနောက် ကျောင်းသားကျောင်းသူများက “ချစ်စရာတောသူလေးနှင့် ဝက်ဝံလေး” သီချင်းဖြင့် သီဆို ဖျော်ဖြေကြပြီး ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြကာ ကျောင်းသားကျောင်းသူလေးများက "ထိန်းသိမ်းစို့လေစာပေအမွေ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများက ကျောင်းသားကျောင်းသူများ ပုံပြင်ပြော၊ စကားပုံဆက်၊ စာပေဟောပြောပွဲ၊ ကျောင်း စာကြည့်တိုက်အတွင်း စာပေဖတ်ရှုလေ့လာနေမှု၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပနေမှုများကို ကြည့်ရှုအားပေးပြီး ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား သည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ကန့်ဘလူခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားဖိတ်ကြားထားသူများနှင့် အ.လ.က (၅) ကျောင်းအုပ်ဆရာကြီး ဦးဝင်းငြိမ်း၊ ဆရာ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)