ရွှေတောင်မြို့နယ်တွင် နိုင်ငံ့တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ရွှေတောင် သြဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက နိုင်ငံ့တာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ် (၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးသန့်မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာ သိရှိနားလည်ပြီး၊ သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၅) ဦးတို့အား ရောဂါရှာဖွေကုသပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)