သရက်ချောင်း ဩဂုတ် ၂၁
နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးကောင်း မျိုးသန့်များရရှိ စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးရာသီ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် စိုက်ကွင်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက မိုးစပါးစိုက်ပျိုးသည့် တောင်သူများထံသို့ သွားရောက်၍ မိုးစပါးများ စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် စိုက်ကွင်းများအား နည်းမှန်၊ လမ်းမှန်စိုက်ပျိုးနိုင်ရေးနှင့် ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် စိုက်ဧက ၂၆၀၁၆ ဧက လျာထားခဲ့ပြီး ဩဂုတ်လကုန်တွင် လျာထားဧကအတိုင်း အပြည့်အဝ စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)