ကြံခင်းမြို့နယ် သဲဖြူကျေးရွာအုပ်စု၊ မြတ်ပညာစာကြည့်တိုက် ရှင်သန်ခိုင်မာရေး ကွင်းဆင်းစစ်ဆေး

ကြံခင်း ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးနှင့် ကျေးရွာနေပြည်သူများ လွယ်ကူစွာဖြင့် စာပေလေ့လာဖတ်ရှုနိုင်စေရန် ယမန်နေ့နေ့လယ်ပိုင်းက သဲဖြူကျေးရွာအုပ်စုရှိ  မြတ်ပညာစာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က  သဲဖြူကျေးရွာရှိ  မြတ်ပညာစာကြည့်တိုက်မှ စာကြည့်တိုက်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြင့် တွေ့ဆုံကာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များ၊ ရပ်နားနေသော စာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပြီးနောက်  ကော်မတီအဖွဲ့ဝင်များက ရေရှည်ခိုင်မာရှင်သန်ရေးနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေးပါသည်။

ထို့နောက် စာကြည့်တိုက်တွင် သဲဖြူ(အ. မ .က)ကျောင်းမှ ကျောင်းသား/သူများ စာဖတ်ဝိုင်းပြုလုပ်နေခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မြတ်ပညာစာကြည့်တိုက်တွင် စာအုပ်ထားသိုမှု၊ ပျက်ဆီး၊ ဆုံးရှုံးမှု လျော့နည်းစေရေးအတွက်  ထိန်းသိမ်းဆောင်ရွက်ရမည့်အချက်များကို စစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)