ညောင်လေးပင် ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဥ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ညောင်လေးပင်မြို့မူလွန်ငှက်ပျောတောစုကျောင်း၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမင်းမင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်နီနီဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိဒေါ်နီနီဝင်းနှင့် ဝန်ထမ်းများက ပုံပြင်စာအုပ်ဖြင့်ပုံပြင်ပြောပြခြင်း၊ ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာဆောင်များကိုဖတ်ရှုစေခြင်း၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)