လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

လိပ်သို ဩဂုတ် ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ/ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)