ကဝမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ကဝ ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ သင်တန်းမှသင်ကြားတတ်‌မြောက်ခဲ့သော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်များဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အဝတ်လျှော်၊ ပန်းကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ၊ လျှော်မွှေးနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်ရာ သင်တန်းသား (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)