သာယာဝတီ ဩဂုတ် ၂၁
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိရပါတယ်-
ဦးဆန်းဟို(ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
သာယာဝတီမြို့နယ်အနေနဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီပွဲတော်မှာကျောင်းသား/သူတွေအတွက် ဂိမ်းပြိုင်ပွဲတွေ၊ ပြပွဲတွေ၊ ပြခန်းတွေ၊ စာအုပ်အရောင်းဆိုင်တွေကို များစွာဆောင်ရွက်ထားပါတယ်၊ ဒီလိုစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေ ဆောင်ရွက်ခြင်းအားဖြင့် လူငယ်တွေဗဟုသုတတိုးပွားလာပြီး ဉာဏ်ပညာတွေပြည့်ဝလာမှာဖြစ်ပါတယ်၊ ဒါ့အပြင် ဂိမ်းကစားပွဲတွေမှာ ပူးပါင်းပါဝင်ခြင်းအားဖြင့်လည်း ကလေးတွေရဲ့ စည်းလုံးညီညွှတ်မှုကို ရရှိမှာဖြစ်ပါတယ်၊ ဒီလိုပွဲတွေကို ပြုလုပ်ရခြင်းဟာ အနာဂတ်လူငယ်တွေရဲ့အကျိုးကိုအများကြီး မျှော်လင့်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်၊
အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒီမှာရှိတဲ့ပညာရေးဌာနနဲ့ ကျွန်တော်တို့ပူးပေါင်းပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဦးဝင်းနိုင်၊ မြို့နယ်ပညာရေးမှူး
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲရဲ့ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ ကျောင်းသား ကျောင်းသူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှန်ကန်စေဖို့၊ အသိပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ကျောင်းသား ကျောင်းသူတွေဟာ အခုအချိန်မှာနိုင်ငံတော်ရဲ့ အားသစ်အင်သစ် အနာဂတ်အင်အားကောင်းများ၊ လူငယ်ကောင်းများဖြစ်ထွန်းဖို့ဆိုတာ အခုလိုပွဲတော်တွေ၊ စာဖတ်ရှိန်မြှင့်တင်ဖို့အတွက် လှုံ့ဆော်ပေးတာတွေဟာ ရလာဒ်ကောင်းတစ်ခုဖြစ်ပါတယ် ကျွန်တာ်တို့ရဲ့ ကျောင်သားကျောင်းသူ မျိုးဆက်သစ်လူငယ်တွေဟာ အခုချိန်မှာ အသိပညာပေးဖို့ အသိပညာရဖို့ဆိုတာ ဆရာဆရာမတွေနဲ့မလုံလောက်ပါဘူး ဘေးပတ်ဝန်းကျင်၊ အင်တာနက်အွန်လိုင်း၊ ဌာနဆိုင်ရာအားလုံး ဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက်ပေးတဲ့အတွက် ဝမ်းသာစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။
ဒေါ်စန္ဒာမိုး(လက်ထောက်ညွှန်ကြားရေးမှူး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို သာယာဝတီမြို့နယ်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်၊ အဲဒီပွဲတော်မှာကျောင်းသားလူငယ်တွေ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေဖို့ ပြပွဲ၊ ပြိုင်ပွဲတွေပါဝင်ပါတယ်၊ ပြိုင်ပွဲတွေကတော့ ကျပန်စကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနဲ့အရုပ်ဆက်ပြိုင်ပွဲတွေပဲဖြစ်ပါတယ်ရှင့်။
ပြိုင်ပွဲတွေကို ကျောင်သား၊ ကျောင်းသူ(၁၀၀)ကျော်ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတိုင်းမှာ ပထမ၊ ဒုတိယ၊ တတိယဆုတွေကိုလည်း ချီးမြှင့်ပေးခဲ့ပါတယ်။ ပြခန်း(၇)ခန်းပြသထားပြီး အဲဒီပြခန်းတွေကတော့ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်ပြခန်း၊ သင်ထောက်ကူပြခန်း၊ သိပ္ပံပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ မီးသတ်တပ်ဖွဲ့ပြခန်းနဲ့ ပန်းချီပြခန်းတွေဖြစ်ပါတယ်။
ကလေးငယ်များဝယ်ယူနိုင်ရန်အတွက်လည်း စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ပေးထားပါတယ်။ ဂိမ်းကစားနည်းမှာဆိုလို့ရှိရင် အာလူးကောက်၊ စကောရွက်၊ ခါးလှည့်ကွင်း၊ ခုံလုစတဲ့ပြိုင်ပွဲလေးတွေကို ပျော်ရွှင်စွာကစားနိုင်ရန်ထည့်သွင်းပေးထားပါတယ်။
ယနေ့ကျင်းပတဲ့စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျောင်းသားလူငယ်တွေစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရေန်၊ စာကြည့်တိုက်ကိုဝင်ထွက်သွားလာတဲ့ အလေ့အထကောင်းတွေရှိလာစေဖို့နဲ့ စာပေမှာမွေ့လျော်တတ်တဲ့ အလေ့အကျင့်တွေရရှိလာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးရခြင်းဖြစ်ပါတယ်ရှင်...။
မောင်မင်းကောင်းခန့်၊ Grade-4 အ.လ.က(သာယာဝတီ)
သားဒီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပုံပြောပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ပုံပြောပြိုင်ပွဲမှာ စွမ်းရည်ကိုယ်စီခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သားပုံပြောပြိုင်ပွဲမှာဆုရမယ်လို့ထင်ပါတယ်။ သားဒီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ သူငယ်ချင်းတွေနဲ့ အတူတူလာရလို့ပျော်ပါတယ်၊ သားသူငယ်ချင်းတွေလည်း သားနဲ့အတူတူဝင်ရာက်ယှဉ်ပြိုင်ကြပါတယ်။ ပြီးတော့ စာအုပ်စာပေကောင်းတွေကိုလည်း ဗဟုသုရအောင်ဖတ်စေချင်ပါတယ်၊ ဒီပြိုင်ကိုပြီးမြောက်အောင်ဆောင်ရွက်ပေးတဲ့ ဆရာဆရာမတွေ လူကြီးတွေကို ကျေးဇူးတင်ပါတယ်ကို သားကပြောချင်ပါတယ်။
မရွှေစင်ခိုင် Grade-10 ၊ အ.ထ.က(၂) သာယာဝတီ
ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ သမီးကကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သမီးပါဝင်ယှဉ်ပြိုင်တဲ့ခေါင်းစဉ်ကတော့ စာဖတ်ရှိန်မြှင့်တင်ရေးအားလုံးပူးပေါင်းဆောင်ရွက်ပေး နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်မယ့် နိုင်ငံသားကောင်းရတနာ၊ သမီးကောင်းရတနာ၊ လူရည်ချွန်များထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြီးတော့ ဗဟုသုတများစွာကို ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ စာဖတ်ခြင်းဟာ လူဘဝအတွေ့အကြုံအများကြီးကိုရရှိစေနိုင်မယ်။
အကောင်းအဆိုးအကြောင်းအကျိုးကိုလည်း ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့လိုကျောင်းသား/သူတွေအနေနဲ့ကလည်း စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုများစွာရရှိနိုင်ပါတယ်။ ဒီလိုစာဖတ်ရှိန်မြှင့်တင်ရးပွဲတော်တွေမှာ ပါဝင်ခွင့်ရတဲ့အတွက်များစွာ ဂုဏ်ယူမိပါတယ်ရှင်....။
( ခရိုင်ပြန်ဆက် )