ဟင်္သာတမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ဖြစ်သော ဆီများ၊ ဆန်များ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဟင်္သာတ သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေး ဆောင်ရွက်ပေးမှုနှင့်အခြေခံ စားသောက်ကုန်များ စျေးနှုန်း သက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်၍ အဆိုပါနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျန်းမာရေး စောင့်ရှောက်မှုပေးရာသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သော ကူညီစောင့်ရှောက်မှုများ လိုက်လံ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်မွေးမြူရေးလုပ်ငန်းရှင်များ အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပင်စင်စားများအား ဆီတစ်ပိဿာလျှင် (၆၆၅၀)ကျပ်နှုန်းဖြင့် ဆီ(၃၃၀)ပိဿာအားလည်းကောင်း၊ ဧမထဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ် နှုန်းဖြင့် ဆန်(၂၄)ပြည်ဝင် အိတ်(၁၅)အိတ်အားလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၃၈၀)ကျပ် နှုန်းဖြင့် အလုံးရေ(၁၅၀၀)တို့အား လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)