မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ဒေသတိုင်းရင်းကြက်များမွေးမြူနိုင်ရေးထောက်ပံ့ပေး

ဖြူး   သြဂုတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အသားစားရိက္ခာများဖူလုံစေရေးအတွက်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ဒေသတိုင်းရင်းကြက်များမွေးမြူနိုင်ရေး စီစဉ်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ​မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်​မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးငြိမ်းအောင်က အကျိုးရှိစွာမွေးမြူနိုင်မည့်နည်းစနစ်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများဖြစ်သည့် ​အင်ကြင်းကုန်းကျေးရွာအတွက်  ဒေသတိုင်းရင်းကြက်မျိုး(၇၀)ကောင်၊ ကွာရီအနောက်ကျေးရွာအတွက် ဒေသတိုင်းရင်းကြက်မျိုး(၉၀) ကောင်၊ ကျားသောင်ကျေးရွာအတွက် ဒေသတိုင်းရင်းကြက်မျိုး (၉၀)ကောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်(၂)   ​မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးတို့က ထောက်ပံ့ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)