ရှမ်းရွာသစ် ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးနှင့် စာထောက်-၃ဒေါ်နော်မုနော်ဂေတို့က မြေပြိုမှုမဖြစ်ပွားမီ လိုက်နာရမည့်အချက်များ၊ ရေကြီးမှုဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေမကြီးမီကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဆိုင်ရာသိကောင်းစရာများကို ကျောင်းသား/သူများအား စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး ဟောပြောပြီးနောက် သဘာဝဘေးအန္တ ရာယ်များဖြစ်သော မြေပြိုဘေး၊ ငလျှင်ဘေး၊ ရေဘေးအသိပညာပေးအချက်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)