ရှမ်းရွာသစ် ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မျှစ်များ ဈေးနှုန်းအတက်အကျမရှိဘဲ ရောင်းအားကောင်းလာခြင်းနှင့်အတူ ရာသီမရွေးစားသုံးနိုင်သော မျှစ်ထုပ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ များလာကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်လျှင် ရာသီစာမျှစ်များ တူးဖော်ရောင်းချသူ များလာပြီး ရာသီမရွေးစားသုံးနိုင်သောမျှစ်များ ထုပ်ပိုးရောင်းချရန်အတွက် မျှစ်များကို တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ငွေကျပ်(၂၀၀၀၀)ကျပ် ပေးဝယ်ရကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာအုပ်စုများရှိ ဒေသနေပြည်သူအများစု၏ နေအိမ်များတွင် မျှစ်များကို တာရှည်ခံစားသုံးနိုင်ရန်အတွက် ပွက်ပွက်ဆူနေသည့် ရေနွေးအိုးထဲတွင် (၁၀)မိနစ်ခန့် ထည့်ပြုတ်ရကြောင်း၊ ပြုတ်၍ရရှိသောမျှစ်များကို တာရှည်ခံဆေးများ မသုံးစွဲဘဲ သဘာဝအတိုင်းသာ အအေးခံ၍ ပလတ်စတစ်အိတ်ထဲတွင် လေလုံအောင် ထုပ်ပိုးပြင်ဆင်ပြီး ထားသိုရ=ကြောင်း၊ မျှစ်(၅)ချောင်းပါတစ်ထုပ်လျှင် ငွေကျပ်(၁၅၀၀)မှ (၂၀၀၀)ထိ ရရှိပြီး ရောင်းချရကြောင်း၊ နှစ်စဉ်ဈေးနှုန်းများမတက်ဘဲ ပုံမှန်ဈေးဖြင့်သာ ရောင်းချသဖြင့် ဝယ်လိုအားကောင်းပြီး အဆင်ပြေသောကြောင့် ဒေသနေပြည်သူအများစု မျှစ်ထုပ်ပြုလုပ်သည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြောင်း၊ ဒေသနေပြည်သူအများစုသည် ပုံစံအမျိုးမျိုးဖြင့် နှစ်ခြိုက်စွာ စားသုံးသောကြောင့် နှစ်စဉ်၎င်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)