ဓနုဖြူမြို့နယ်၌ အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးကြသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဓနုဖြူ သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးကြသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(၁) ဓနုဖြူ ကျောင်းသား/ သူများမှ “ ပညာ့ပန်းခင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဓနုဖြူမြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဓနုဖြူမြို့နယ် ပညာရေးကော်မတီ အတွင်းရေးမှူး ဦးလှဌေးမှ ဆုပေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင်များ၊ ဂုဏ်ထူးရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးရရှိသည့် အ.ထ.က၊ အ.ထ.က(ခွဲ)နှင့် အောင်ချက်(၁၀၀) ရာခိုင်နှုန်းရရှိသည့် ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ပြီး၊ အ.ထ.က(၁)ဓနုဖြူ ကျောင်းသား/ သူများမှ “ ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူးရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများ၊ အလှူရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)