မြောင်းမြ သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သံဃာတော်အရှင်သူမြတ် (၉၆) ပါးအား တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆန်၊ဆီ၊ ဆေး၊ ဆား ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလှူဒါန်းခဲ့သည်။
ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ခဲ့ပြီး၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဇေယျမေဒနီပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက် ဆရာတော်တော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အလယ်တောရ ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အနုမောဒနာတရားနားကြား၍ ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်။ ထို့နောက် သံဃာတော်အရှငါသူမြတ်တို့အား တုပ်ကွေးရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအား မြောင်းမြမြို့မှ ဆရာတော်ကြီးများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့်
ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)