သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက် ဩဂုတ်၂၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(တောင်မင်းတည်း)တွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သားဖွားဆရာမ ဒေါ်ဌေးဌေးဝင်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများဆောင်ရွက်ပြီး တစ်ဦးချင်း ကျောင်းကျန်းမာရေးမှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)